(၂)
မြို့နယ် စုပေါင်းရုံးစိုက်ရာ အချုပ်ခန်းတွင် အကျဉ်းခံ လယ်သမားတွေ ဖြစ်လာခဲ့ကြသည်။ နံနက် ဆယ်နာရီခွဲ ဆို လျင် ထမင်းချိုင့်နှင့် ထမင်းထုတ်များ ရောက်လာကြသည်။ အချုပ်ခန်းထဲ ရောက်နေခဲ့ကြသည့် လယ် သ မား တွေကို အိမ်မှ ထမင်းထုတ် လာပို့ကြခြင်းဖြစ်သည်။ လှည်းကြုံ နှင့်တမျိုး၊ ခြေလျင်တသွယ်၊ ကားနှင့် ရထား နှင့် တဖုံလာပို့ကြရသည်။ တိုင်းပြည် အတွက် ဆန်စပါးရိက္ခာသီးနှံထုတ်လုပ်ပေးသည့် ကျေးဇူးရှင်လယ်သမားကို ထ မင်းတနပ် ပြန်ကျွေးဖို့ပင် စိတ်ကူးမရှိတော့။ အဖွားခြုံနှင့် သင်းမြတို့မှာ အခြား လယ်သမား မိသားစုများ နည်း တူ မနက် ဆယ်နာရီခွဲပြီဆိုလျင် အချုပ်ခန်းသို့ ရောက်လာခဲ့ကြ သည်။
အချုပ်ခန်း မဆံ့ သဖြင့် လယ်သမား အကျဉ်းသား များမှာ အချုပ်ခန်း အပြင်ဘက် ကုက္ကိုပင် စိမ်းညို့ညို့ အောက် မြေပြင် ပေါ်တွင် ဖြစ်သလိုနေကြရသည်။ ထမင်းထုတ် များကိုဖြေပြီး ဒီ မြေပြင်ပေါ်မှာ ပဲစားကြ၊ အိပ်ကြရသည်။ ထမင်းထုတ်ပို့မည့်သူကို နံနက်စာ စားချိန်ရောက်သည် နှင့် မျှော်ကြရသည်။ ထောင်ဝင်စာထမင်းထုတ်၊ ထမင်း ဟင်းမှာလည်း အိမ်ကထမင်းဟင်းအ တိုင်းပင်ဖြစ်သည်။ ပို၍ထူးခြား ကောင်းမွန်သည်မဟုတ်ပေ။ အင်ဖက် သို့ မဟုတ် ငှက်ပြောဖက် ထမင်းထုတ်ကို ဖြေလိုက်သည့် အခါတွင် ထမင်းနှင့်ငပိထောင်း၊ ထမင်းနှင့် ငပိချက်။ အ ကောင်းဆုံး အစားအစာ အဖြစ် ဘဲဥကြော်ကို တွေ့ရတတ်သည်။
တောထဲသို့ ၀ါးခုတ်၊ ထင်းခုတ်သွား သည့်အခါ မြေကြီး ပေါ်တွင် အိပ်ရ စားရသည်။ လယ် ထွန် ထယ်ထိုး တော့ လည်း လယ်ကွက် ကန်သင်းပေါ်တွင် အဆာခံစားရ၊ ရေနွေးကြမ်း ၀ိုင်းဖွဲ့ သောက်ရ။ မြေနှင့် မကင်းတော့။ မြေ ပေါ်မှာမွေး မြေနှင့်တသားတည်းတလွှာတည်း။ မြေပေါ်မှာ မြေသခင်နှင့်ဖက်ပွေ့ရသည်မှာ ပျော်မွေ့စရာ။ မြေ ပေါ်မှာစား၊ မြေပေါ်မှာအိပ်။ ဘာမှ မဆန်းပြားခဲ့။ သို့သော် ... သီးစားခ မပေး နိုင်သည့်သီးစားလယ်သမားတို့ အ ကျဉ်းတိုက်ထဲ ကျရောက်ခဲ့စဉ် မြေပေါ်မှာ အိပ်၊ မြေပေါ်မှာ စားရသော အခါ မြေ၏ သားများနှင့်အတူ မြေသခင်သည် နာကျည်း နာကျင်ရလေသည်။ နောက်ထပ် ဘယ်နှစ်ည ဘယ်နှစ်ရက်မျှ သည်အချုပ်ခန်းနှင့် မြေပေါ် တွင် လယ်သမား အကျဉ်းသား တို့နေကြ ရဦး မည်နည်း။
“အဘရဲ့ဒါဟာ ဘ၀တက္ကသိုလ်တခုပဲဗျို့ ... ဒီတက္ကသိုလ်မှာ ကျုပ်တို့ထောင်နေသမျ အတွေ့အကြုံတွေ အများကြီး ရလိုက်မှာပဲ”
လယ်သမား လူငယ်တဦးဖြစ်သည့် သရက်တောရွာသားဖိုးအောင်က အဘဦးစိန်ကို လှမ်းပြီးအားညှိလိုက်သည်။ ဖိုးအောင်ကို အဘတုန့်ပြန်ပုံမှာ လယ်သမားတွေကို အရွဲ့တိုက်သံ ပါနေခဲ့သည်။
“ဆင်းရဲသား လယ်သမားတွေ စုရုံးကြပါ ရင်ဖွင့်ညီလာခံ လုပ်ကြပါ ... ရှေ့ရေး အတွက် ဘာလုပ်ကြမလဲဆိုတာ တိုင်ပင်ကြပါဆိုရင် စုစည်းဖြစ်ချင်မှ စုစည်းဖြစ်မယ် ... ခေါင်းထိ လို့ အသဲ မခံနိုင်တော့မှ ငါတို့ လယ်သမား အ တော်များများဟာ စုစည်းဖြစ်ကြတယ် ... အခုကွာ မြို့နယ်ရဲ့ အနောက်ဘက် ခြမ်းတခုလုံးက လယ်သမား တွေ ကိုယ်စားလှယ်ငါးဆယ်ကျော်လာပြီး စုစည်းမိကြ တယ် ... အဲဒါ အမြတ်ပဲကွ ဖိုးအောင်ရဲ့ ... အာဏာရှင်ကိုတောင် အရွဲ့တိုက်ပြီး ကျေးဇူးတင်ရ တော့ မလိုပဲကွ ...”
ကရင် ဒိုက်အင်းနှင့် ဗမာ ဒိုက်အင်းရွာက လယ်သမား တချို့က အဘပြောသည်ကိုပြုံး လိုက်မိကြ သော်လည်း ဘ၀င်မချိခဲ့။ တချို့လယ်သမား တွေက တာဝန်ကျေ စပါးမဆပ်နိုင်၍ နေ ပူအလှမ်းခံခဲ့ ရကြရသည်။ ဘယ်လိုမှ စပါးကို ညှစ်ထုတ် ယူလို့ မရတော့မှ လယ်သမားကို အချုပ် ခန်းထဲ၊ ထောင် အကျဉ်းတိုက်ထဲ ပို့လိုက်ခြင်း ဖြစ် သည်။ မြို့နယ် စစ်အုပ်ချုပ်ရေးအဖွဲ့က အစည်း အဝေးတက်ဖို့ အသံချဲ့စက်နှင့် အော်ဟစ် အကြောင်းကြား သော် လည်း အခြားကျေးရွာမှ လယ် သမားတွေမှာ မကြားလိုက်ကြ။ ပျက်ကွက်ခဲ့ကြသည့် လယ်သမားကို စစ်တပ်နှင့် စစ် အုပ်ချုပ် ရေးက ဂျီသရီးပြောင်းဝကို ငုံခိုင်းသည်။ တချို့လယ်သမားများ စစ်ဖိနပ်ဖြင့်ဆောင့် အကန်ခံရသည်။ လယ်သမားကကြွေး၍ လယ်သမားဝယ်ပေးသော သေနတ်ဒင်နဲ့ လယ်သမားများ အထုခံရလေ သည်။ တ ချို့ လယ်သမားများ မျက်နှာကို လက်သီးဖြင့်အထိုးခံရသဖြင့် အာလူးကဲ့သို့ ဖူးရောင် ညိုမဲကုန်သည်။ တချို့လယ် သမားကို အစည်းအဝေးပျက်ကွက်သည်ဟုဆိုကာ ငွေဒဏ်ဆောင် ခိုင်းသည်။ စစ်တပ်သည်ဘုရင်ပဲ။ သေနတ် နှင့်စစ်တပ်သည် စစ်တရားရုံးပဲ။ စိတ်တိုင်းကျတရားမဲ့ အနိုင်ကျင့်ခွင့်ရထား လေသည်။
အိမ်က မိသားစုလာပို့သည့် ထမင်းထုတ်ကို ဆာလောင် မွတ်သိတ်မျော်စောင့်ရင်း မြေ ပြင်အခင်းပေါ်တွင် ၀ိုင်းဖွဲ့ ညီလာခံကြခြင်းဖြစ်သည်။ အတွင်းအချုပ်ခန်းထဲ မှာလည်း အခြားရာ ဇ၀တ် အကျဉ်းသား များနှင့် အတူ လယ် သမားအကျဉ်းသားတွေ အပြည့် အသိတ်။ အချုပ်ခန်း ထဲမှ လယ်သမားတွေအားလုံးမှာ သည်ညီလာခံသို့ တက် ရောက်ခွင့်မရကြ။
“အာဏာသိမ်းပြီး ရှစ်လအကြာမှာ လယ်သမားတွေကို ပွဲဦးထွက်ဦးချိုးနာမ်နှိမ်တာပဲ ဦး ဖိုးစောရဲ့ ... ပဲခူး အ ရှေ့ ခြမ်း တို့ ဧရာဝတီတိုင်းတို့က လယ်သမားတွေလဲ ကျုပ်တို့လိုပါပဲဗျာ ... အဲဒီက လယ်ာသမားတွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လူ့ဘောင်သစ်ပါတီကိုအကူအညီ သွားတောင်းကြသတဲ့
အခုလိုဖိနှိပ်ရမ်းကားမှုတွေကို ကာကွယ်ပေးဖို့ လယ်သမားတွေ ကိုယ် တိုင်သတင်းပို့ကြ တိုင်ကြတောကြသတဲ့ ... အဲဒီပါတီတွေကလဲ စစ်ခေါင်းဆောင်စောမောင် တို့ကို ထုတ်ပြန်ချက်တွေနဲ့တားဆီးတယ်ဗျ ... ထုတ်ပြန်ချက် တွေ ထုတ်ပြန်လို့ဆိုပြီး မြို့နယ် စစ်အုပ်ချုပ်ရေးရုံးတွေက လူ့ဘောင်သစ်ပါတီဝင်အချို့ကို ထောင်ထဲ ထဲ့ထားတဲ့ အထိ စစ် ကောင်စီအာဏာရှင် တွေက လက်သံပြောင်နေကြပြီ ကိုယ့်လူတို့”
အဘစိန်က သူ့မိတ်ဆွေ ချစ်ရဲဘော်ကရင်အမျိုးသားကြီး စောဖိုးနီကိုပြုံးကြည့်ရင်းအသိ ပေးလေသည်။ စောဖိုးနီ မှာ အံ့သြသွားဟန်ဖြင့် တံတွေးတချက်ထွေးထုတ်လိုက်သည်။ ဆေး ရွက်ကြီးကို အံသွားဖြင့် တချက်ဖိကိုက်ရင်း ခေါင်းကိုတွင်တွင်ခါလိုက်သည်။
အဘတို့မြို့နယ် မြောက်ပိုင်းက လယ်သမားများ သာမက အခြားမြို့နယ် အရှေ့ခြမ်း၊ အ နောက်ခြမ်းက လယ် သ မားများပါ အချုပ်ခန်းထဲမှာလာရောက်ဆုံစည်းကြသည်။ နံနက်ခင်း ကုက္ကိုပင်ရိပ် လယ်သမား ညီလာခံ က အရှိန်ရစ။ လယ်သမားတွေကို ဖမ်းဆီးထောင်ထဲထည့်ထား သည့် သတင်းက တောမီး ပမာပျံ့နှံ့ ခဲ့ပြီ ဖြစ် သ ဖြင့် စာနာ ခံစားသည့် လူထုများမှာ တဖွဲဖွဲရောက် လာခဲ့ကြသည်။ ဘာကူညီရမလဲ၊ ရေတို့ရိက္ခာတို့ လုံလောက်ရဲ့ လား။ စ သည့်ပူပန်မှုဖြင့် ထောက် ပံ့ကူညီလိုသည့် လူထုတွေလည်း တဖြည်းဖြည်း များပြားလာ။ သံဆူးကြိုး စည်း ရိုး သို့ ချဉ်း ကပ် လာခဲ့ကြသည်။ မြို့နယ် ထောင် အချုပ်ခန်းနှင့် လူနေရပ်ကွက်က တသီးတခြားစီ မဟုတ်။ ထောင် နံရံ နှင့် သံဆူးကြိုးပတ်ပတ်လည်မှာက လူနေရပ်ကွက်နှင့် လူထုတွေ။ မြို့ကလေးနှင့် ကူးလူးဆက် သွယ် ထားသည့် မြေဖို့လမ်းမနှင့် အချုပ်ခန်းကလည်းကပ်လျက်သား။
“အဘရေ ... အဘ ... သမီးတို့ရောက်လာကြပြီ အဖွားလဲပါတယ် ... အဘကိုပြော ပြပေးပါ ... အဘဦးစိန်ကို ပြော ပြပေးကြပါ ... သမီးပြောတာကို အဘမကြားရင် ဘေးနားက ဦးကြီးတို့ကတဆင့် ပြောပြပေးပါရှင့် ...”
မြေးမလေး သင်းမြက အသံကုန်ဟစ်အော်ပြောသည်။ အဘက မတ်တတ်ရပ်ကာ နောက်ကျော ဘက်က အသံ လာရာသို့ လှည့်ကြည့်သည်။ လက်ပြ နှုတ်ဆက်သည်။ ထို့နောက် ခြံစည်းရိုး တွင်ရပ်နေသော မြေးအဖွားရှိရာသို့ တလှမ်းခြင်း လှမ်းသွားသည်။ လမ်းတ၀က်တွင် အကျဉ်း ထောင်အစောင့် ပုလိပ်က အဘကိုလှမ်းပြီး အမိန့်ပေး တားမြစ်သည်။
“တားလို့ မရရင် ပစ်ရလိမ့်မယ် ... ရှေ့မတိုးပါနဲ့”
ပုလိပ်၏ အမိန့်ကို ကြားရသည့် နောက်တွင် လယ်သမား အတော်များများသည် အဘစိန် ၏ နောက်မှ တလှမ်း ခြင်း လှမ်းကာ လိုက်လာခဲ့ကြသည်။ အဘက မြေးအဖွားထံဆက်လျောက် ရင်း ရောက်လာခဲ့သည်။ ခြေတလှမ်း မဆုတ်ခဲ့။
“အဖိုးကြီး ကျုပ်ဟောဒီခြံစည်းရိုးမှာ အစာငတ်ခံပြီးနေသွားမယ် ... အဖိုးကြီးမလွှတ် မခြင်း ... လယ်သမားတွေကို မလွှတ်မခြင်း ကျုပ်ဟောဒီမှာနေသွားမယ် ... အိမ်မပြန်ဘူး ... သေရင်သေပေ့စေ ...”
အဖွားက ဒေါသ အက်ကွဲဖြင့် သူ့အဖိုးကြီး အဘဦးစိန်ကို လှမ်းပြောသည်။ အဖွားလက် မောင်းကိုဖက်ကိုင် ထား သည့် သင်းမြ လက်ချောင်း တွေမှာလည်း လှုပ်ခါလာလေသည်။ လယ်သ မားမိသားစုနှင့် လူထု ပရိတ်သတ်မှာ အချုပ်အနှောင်ခံသံဆူးကြိုးဝံ့ရဲ တိုးကပ်လာခဲ့ကြသည်။ တခုခုဖြစ်လာလေမလား တခုခုဖြစ်လာတော့မည့် အ ရိပ် အရောင်အတိတ်နမိတ်များလေလား။ မြေး အဖွားကို တဖြည်းဖြည်းဝိုင်းအုံထားကြ။ မေးကြ မြန်းကြ၊ အား ပေးကြ။ အဖွားပြောကို ဂရုတစိုက် နားထောင်ကြ။ အဘဘာများပြောမလဲ ဆိုင်းငံနားစွင့်နေခဲ့ ကြသည်။
“အမေကြီးရယ် ရွာကိုပြန်ပါကွာ ... ကျန်းမာရေးကိုဂရုစိုက်စေ့ချင်တယ် ... ငါတို့အ သက်ရှင်နေရအုံးမှာ ... သေ လို့ မဖြစ် သေးဘူး ...ဒီမှာက လုပ်စရာတွေရှိသေးတယ် ...မြေးတွေ သားတွေ သမီး တွေကို ပြုစု စောင့် ရှောက် ရအုံးမှာမဟုတ်လား ... အိမ်မှာအမေကြီးမရှိ လို့မဖြစ်ဘူး ... မလစ်ဟာစေ့ချင်ဘူး ... အိမ်ကိုပဲပြန်ပါ”
စကားဆုံးအောင်ပင် မပြောလိုက်ရ။ ပြောခွင့် မရ လိုက်တော့။ ပုလိပ်တွေက အဘကို ဆွဲခေါ်လာခဲ့သည်။“အဲ ဒီ အဘ တခုခုဖြစ်သွားတယ်ဆိုရင်တော့ မင်းတို့ ပုလိပ်ကော ပုလိပ်ရုံးခန်းပါ ပြာဖြစ် ပြီသာမှတ်ပေတော့။ လယ် သမားကျောပေါ် စစ်ဖိနပ်နဲ့ တချက်ကန်တိုင်း မင်းတို့အာဏာရှင်တွေ မသာတွင်း ထဲခြေတလှမ်း ကျွံဝင် သွားပြီ သာမှတ်ပေတော့”
“ဟုတ်တယ် ... ဟုတ်တယ်”
“အဖိုးကြီး ... ကျုပ်ဒီကနေ တဖ၀ါးမှမခွာဘူး ... အဖိုးကြီးနဲ့အတူ ကျုပ်ရှိနေမယ် ... လယ်သမားတွေနဲ့ အတူရှိ နေ မယ် ... ဟောဒီခြံစည်းရိုးမှာ ရှိနေမယ် ... ”
အဖွားက ကြိတ်၍ရှိုက်ကာငိုသည်။ အဘက အသက်ခြောက်ဆယ့်ငါးနှစ်။ ပုလိပ်တွေ လက်ထဲမှာ အဘက တ နဲ့နဲ့ ပါသွားသည်ကို အဖွားကကြည့်ကာ သနား ကြေကွဲစွာငိုချခြင်းဖြစ်သည်။ ကျုပ်အဖိုးကြီးမှာ ဘာမှ အပြစ် မရှိ ပါ ဘူးတော်။ ရွှေမရှိငွေမရှိဆင်းရဲမွဲတေလို့တာဝန်ကျေ စပါး မပေးသွင်းနိုင်လို့ ပါတော်။ အသက်ကြီးကာမှ ဒုတိယ အကြိမ် ထောင်ထဲ ထပ်ရောက်ရတယ် တော့်။ အဖိုးကြီးရယ် သနား လိုက်ပါဘိကွယ်။ နေ၀င်းစစ်ခွေး ဖက်ဆစ် လက်ထက်မှာလဲခံရ။ ထောင်ထဲ ရောက်ခဲ့။ ကျုပ်အဖိုးကြီးကိုချက်ခြင်းလွှတ်ပေးပါ။ လယ်သမားတွေကို လွှတ် ပေး ပါဆိုပြီး အဖွားက တလုံးချင်းရေရွတ်ပြောခဲ့သည်။
“အဘကိုချက်ခြင်းလွှတ်ပါ၊ လွှတ်ပေးရမယ် ... အဘမှာသွေးတိုးရောဂါရှိတယ် ... နှလုံး ရောဂါလဲရှိတယ် ... အဘ သေသွားရင် ကျမတို့ဘ၀တွေ ထပ်ပြီးပျက်ဆီးသွားတော့မယ် ... အဘကိုလွှတ်ပေးကြပါ”
အပျိုပေါက်မ သင်းမြက အဖွားကိုဖက်ပွေ့ထားလျက်ကငိုကြွေးအော်ဟစ်သည်။ တောင်း ဆိုသည်။ သင်းမြ မျက် နှာ ပေါ်တွင် သွေးရောင်တွေချက်ခြင်း လွှမ်းသွားသည်။ မြေးအဖွား၏ ငို ကြွေးရှိုက်ငိုသံ တွေက ပရိတ်သတ် လူ ထုရင်ကို ဆို့နင့်စေခဲ့သည်။ လှုပ်နှိုးလေသည်။ ပင်လယ် လှိုင်းကဲ့သို့ ကြွတက်မြင့်မောက်လာစေခဲ့သည်။
“လယ်သမားတွေကို လွှတ်ပေးပါ ... လယ်သမားအခွင့်အရေးချက်ခြင်းပေး ... စစ် အာဏာရှင်စနစ်ဖျက်သိမ်းပစ်”
တယောက်ကညာသံပေးကာ စလိုက်သည်အခါ လူထုက ညာသံဖြင့်ဟစ်ကြွေးလိုက် သည်။ ရုတ်တရက် ပေါက် ကွဲ သွားကြခြင်းဖြစ်သည်။ တချိန်တည်းတွင် အဘဦးစိန်ကို ပုလိပ်က ဆွဲလွဲခေါ်လာပြီး အချုပ်ခန်း ထဲပြန် ထည့် သည်။ ရောက်လာခဲ့သည့် ညကကဲ့သို့အဘကို အချုပ် ခန်းထဲ ပြန်ထည့်ခြင်းဖြစ်သည်။
လွန်ခဲ့သည့် ညက အချုပ်သားတွေကို အဘက နိုင်ငံရေးတရားဟောသည်။ စစ်အာဏာ ရှင်စနစ်အောက်က အ ဖိနှိပ်ခံလူထု ဘ၀ကို မီးမောင်း ထိုးပြသည်။ ပြီးတော့ ငါတို့ တတိုင်း တပြည် လုံး စည်းလုံး ညီညွတ်မှုက တည် ဆောက်ပြီး ၁၃၀၀ ပြည့်နှင့် ၈၈ ကဲ့သို့ အရေးတော်ပုံကြီး တခု လုပ်ရမည်။ ဒီတခါ လူထုအစိုးရကို မဖြစ် မနေ ထူ ထောင်ရမည်ဟုဆိုသည်။ အချုပ်သားများမှာ ကြပ်ညှပ်အသက်ရှူမ၀သည့် အကျဉ်းသားဘ၀ကို မေ့ထားပစ်ကြ။ နိုးကြားတက်ကြွနေခဲ့ကြ သည်။ သေနတ်စစ်တပ်နဲ့ အာဏာသိမ်းတော့ အစိုးရတော့ဖြစ် လာမှာမဟုတ်ဘူး၊ ဓါးမြ ပဲဖြစ် မယ်ဟု အဘကပြောသောအခါ “ဟုတ်တယ် ... အဘပြောတာ ဟုတ်တယ်” ဟု ဟစ်ကြွေး လိုက်ကြ သည်။
ဘောလယ်ကျွန်းဘက်မှ ဓါးပြ ခေါင်းဆောင် သာခင်က အဘကိုလေးစားကြည်ညိုကာ အဘကို ပုဆိုးဖြင့် ယက် ခပ် ပေးသည်။ တညလုံး အဘကိုပြုစုသည်။ အဘက ဓါးမြ ခေါင်းဆောင် ကို လူမှု စနစ်ဆိုးကြောင့် မင်းတို့ဟာ သားကောင်ဖြစ်ရတာ။ မင်းကဟောဒီ စနစ်က တွန်းပို့လို့ ဓါး ပြဖြစ်လာခဲ့ရတာဟု တရားပြသည်။ လူ့သွေး ထဲမှာ ဓားမြဖြစ်စေတဲ့ သွေးတစက်မှမပါလာခဲ့ဘူး။ မွေးရာပါဓါးမြသွေးဆိုတာ လူ့လောကမှာမရှိဘူးကွဲ့ဟု အဘက ပြော သည်။ ထိုပထမညက အဘကိုသာခင်ထိုင်၍ ဦးညွှတ်ကန်တော့်ခဲ့လေသည်။
အဘမှာ အချုပ်ခန်းထဲတွင် လှောင်ပိတ် မောကြပ်အသက်ရှူ မ၀ဖြစ်လာသဖြင့် ကုက္ကိုအောက်သို့ ထိုစဉ်က ပို့ ခဲ့ခြင်းဖြစ်သည်။ ယခု အချုပ်ခန်းထဲသို့ အဘပြန်ရောက် လာသော အခါ ဓါးပြခေါင်းဆောင် သာခင်သည် တက် တခေါက်ခေါက်ဖြင့် အဘကို ဖေးမပြုစုသည်။ ခဏကြာ သည့်အခါအကျဉ်းထောင်သံတိုင်ကြားမှ ကုန်း၍ ဟစ် လေ တော့သည်။
“ငါ ဓါးပြဗိုလ်ပဲ ... ငါ့မှာ ထောင်အပြင်တန်း မရှိဘူးဟေ့ ကျေးဇူးရှင်လယ်သမားတွေနဲ့ ငါ့ အဘကို စော်ကား တဲ့ ကောင်တွေ ငါနဲ့တွေ့မယ်...မင်းတို့ပုလိပ်တွေကော အာဏာလုယူထားတဲ့ ကောင်တွေကော သတိသာ ထား ပေ တော့ ...”
ဒေါသ မီးတောက်ဖြင့် ကျိန်းဝါး နေစဉ် အချုပ်ခန်း၏ အပြင် ဘက်တွင် သေနတ်သံ တချက် ထွက်ပေါ်လာသည်။ အချုပ်ထောင်ကို ပဲ့တင်ထပ်သွားစေသည့် ပုလိပ်၏ သေနတ်သံ။ အတွဲ လိုက် စိပ်၍ ထွက်လာသည်။
“လယ်သမားတွေကို ချက်ခြင်းလွှတ်ပေး၊ စစ်အာဏာသိမ်းဓါးမြတွေ ကျဆုံးပါစေ ... ကျဆုံးပါစေ”
တောင်းဆို ဟစ်ကြွေးသံက သေနတ်သံကို ဆက်လက် လွှမ်းမိုးနေခဲ့သည်။ တချို့လူထု မှာ ရုတ်ရုတ် သဲသဲ ဖြစ် သွားကြသည်။ တိုးတိုက်မိသဖြင့် ယိမ်းယိုင်ပြိုလဲမတတ်ဖြစ်သွားသည်။ မြေးမကလေးသင်းမြက ငိုရင်း ဟစ်ကြွေး ရင်း မောဆို့နေသောအဖွားကို ဖက်ပွေ့ထား လေ သည်။ အဖွားက လဲပြိုမကျရန်၊ မတ်မတ်ရပ်နိုင်ရန် ကြိုးစား ရင်း လယ်သမားတွေကို ချက်ခြင်း လွှတ်ပေး ဆိုကာ ဟစ်ကြွေးနေလျက်။ ။
အေးမြနှင်းရည်